ဘယ်သူနိုင်မလဲ?

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....

ကျွန်တော်တို့လူသားတွေ မှီတင်းနေထိုင်ကြတဲ့ ကမ္ဘာလောကကြီးမှာ လူသားတွေရဲ့ အပြိုင်အဆိုင် တီထွင်ဆန်းသစ်မှုတွေကြောင့် နေ့စဉ်ဘဝတွေမှာ နည်းပညာနဲ့မလွတ်ကင်းသလောက် ဖြစ်နေပါပြီ။ နည်းပညာတိုးတက်လာတာနဲ့အမျှလည်း လူသားတွေက ဦးနှောက်ကိုအသုံးပြုတာင်နည်းလာပါတယ်။ ပြောရရင်တော့ လူတွေဟာ အပျင်းထူလာကြပါတယ်။ ၁+၂=? ဆိုတာမျိုးတွေ့ရင်တောင်မှ ဖုန်းကိုဖွင့်လို့ calculator နဲ့ပေါင်း နှုတ် မြှောက် စား လုပ်ကြတော့တယ်။



ဆိုတော့ နည်းပညာတွေ မြင့်လာလေလေ လူအများစုက အပျင်းထူ ဦးနှောက်ကိုအသုံးမချဖြစ်လာတယ်။ နည်းပညာတွေမြင့်လာတာနဲ့အမျှ အချို့အရာတွေ အပြီးတိုင်ပျောက်ကွယ်သွားကြရတော့မယ်။ ဆိုင်ကယ်ပေါ်လာတော့ လမ်းထိပ်သွားရမယ်ဆိုရင် ခြေလျင်မသွားချင်တော့ဘူး။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူမှုရေးတွေ နည်းပါးသွားတယ်။ လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် ဖုန်းပဲပွတ်နေပြီး စကားမပြောဖြစ်တော့ဘူး။ အိမ်မှာနေရင်လည်း ဖုန်းပဲပွတ်နေပြီး မိသားစုအချင်းချင်းတောင် စကားကောင်းကောင်း မပြောဖြစ်တော့ဘူး။ နည်းပညာမတိုးတက်ခင်က အားလပ်ချိန်များခဲ့ပေမယ့် နည်းပညာတိုးတက်လာတာနဲ့အမျှ အားလပ်ချိန်ဆိုတာ မရှိသလောက်နည်းသွားခဲ့တယ်။



နည်းပညာမြင့်လာတာနဲ့အမျှ ဆရာဆိုတာပျောက်သလောက်ဖြစ်သွားတယ်။ ဘယ်ပညာရပ်မဆို အင်တာနက်မှာ အလွယ်တကူရှာလို့ရတယ်။ ဆရာမလိုဘူးလို့ ထင်လာကြတယ်။ ပညာရပ်တစ်ခုကို ဆရာနဲ့သေချာစနစ်တကျ သင်ယူလိုစိတ်ပျောက်သွားတယ်။ ဘာမဆို တတ်သိကြသူတွေလို့ အထင်ရောက် ဘဝင်မြင့်သွားတယ်။ ဆရာသာမက လက်ဦးဆရာဖြစ်တဲ့ မိဘနှစ်ပါးကိုတောင် မလေးစားကြတော့သလို အလေးမထားတတ်ကြတော့ဘူး။ အချိန်ပြည့်နီးပါး ဖုန်းနဲ့မျက်နှာအပ်နေတော့ ကျန်းမာရေးချို့ယွင်းကုန်တယ်။ အသက်ရှုသွင်းနေရတဲ့လေတောင်မှ သန့်ရှင်း လတ်ဆတ်တဲ့လေကို အားပါးတရ ရှုသွင်းဖို့ ခက်ခဲလာတယ်။ မြို့ကြီးတွေမှာဆိုရင် သန့်ရှင်းလတ်ဆတ်တဲ့လေဆိုတာ နည်းပါးလာတယ်။



နည်းပညာမြင့်လာလေလေ လူနဲ့လူချင်းဆက်ဆံရေးတွေ ညံ့ဖျင်းလာလေလေဖြစ်လာတယ်။ ကလေးဘဝကတည်းက ဖုန်းနဲ့ရင်းနှီးနေကြပြီ။ အူဝဲဆိုကတည်းက ဖုန်းကိုင်ပြီးထွက်မလာတာ တော်သေးတယ်။ စည်းကမ်းတကျမထိမ်းသိမ်းနိုင်တဲ့ ကလေးက အရွယ်မတိုင်ခင် အတတ်စုံတတ်ပြီး ပျက်စီးကုန်ကြတယ်။ ဆရာမလို မိဘမရှိကလေးတွေဖြစ်ကုန်တယ်။ နည်းပညာတိုးတက်လာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင်ဆိုတာကြီးနဲ့ သဟဇာတမဖြစ်တော့ဘူး။ နည်းပညာအကူအညီနဲ့ မကောင်းမှု ဒုစရိုက်ကျူးလွန်တာတွေ များလာတယ်။ လက်ပဲရှိတုံးက လက်သီးနဲ့ထိုးတယ်။ ဓားရှိလာတော့ ဓားနဲ့ သေနတ်ရှိလာတော့ သေနတ်နဲ့ လေဆာရှိလာရင်လေဆာနဲ့ပစ်သတ်ကြမယ်။ နည်းပညာမြင့်လေ လူများများသေလေဖြစ်မှာပဲ။



နည်းပညာတွေနဲ့ သဘာဝပတ်ဝန်းကျင်မှာ အပြန်အလှန်အကျိုးပြုနေတာတွေကို ဖျက်ဆီးမိကုန်တယ်။ သဘာဝပတ်ဝန်းကျင်ကလည်း သူ့ကိုဖျက်ဆီးခံရတော့ ကမ္ဘာကြီးကိုပြန်ပြီး ဖျက်ဆီးတယ်။ ယနေ့ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုတွေက နည်းပညာကို သဘာဝပတ်ဝန်းကျင်က တုန့်ပြန်မှုပါပဲ။ အပြန်အလှန် တန်ပြန်သက်ရောက်မှုပါပဲ။ နောက်ဆုံး အဆုံးသတ်မှာ လူသားတွေရဲ့နည်းပညာကပဲ နိုင်မလား? သဘာဝပတ်ဝန်းကျင်ကပဲ လူသားတွေနဲ့ ကမ္ဘာကြီးကို ဖျက်ဆီး အနိုင်ယူမလား? ‌ဘယ်သူကနိုင်မယ်ထင်သလဲ? နည်းပညာကို အပြစ်ပြောလိုခြင်းမဟုတ်ပဲ တလွဲ ဆံပင်ကောင်းနေတတ်ကြတဲ့ လူအများစုရဲ့ လွဲနေတတ်‌တဲ့ စိတ်အခြေအနေကို ဖော်ပြခြင်းသာဖြစ်ပါတယ်။ နည်းပညာကြောင့်လူတွေအကျိုးရှိသလို တလွဲလုပ်တဲ့လူတွေကြောင့် ဆိုးကျိုးတွေဖြစ်နေကြရတာကို ဖော်ပြလိုခြင်းသာဖြစ်ပါတယ်။


သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။


အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
0 comments